ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ပါးစီ၏ အဓိပ္ပာယ်

အင်္ဂါ (၁၂)ပါး
၁။ အဝိဇ္ဇာ

မသိခြင်း မောဟသည် အဝိဇ္ဇာဖြစ်သည်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာ လေးပါး၊ ဘဝခန္ဓာ၏ ရှေးအဖို့အစု၊ ဘဝခန္ဓာ၏ နောက်အဖို့အစု၊ ရှေးအဖို့အစုနှင့်နောက်အဖို့အစု နှစ်ခုလုံး၊ အဆက်မပြတ် လည်ပတ်နေသည့် ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်ဟူသော (၈)ဌာနတို့၌ မသိမမြင် ခြင်း မောဟသည် အဝိဇ္ဇာဖြစ်သည်။
မျက်စိတွင် တိမ်သလာဖုံးလွှမ်းနေသူသည် မြင်သင့်မြင်ထိုက်သော အရာဌာနတို့ကို မမြင်ရဘိသကဲ့သို့ အဝိဇ္ဇာဖုံးလွှမ်းနေသောကြောင့် ဘုံသုံးပါး၌ ရှိရှိသမျှ ရုပ်နာမ်တွေသည် ဆင်းရဲခြင်း ဒုက္ခချည်းသာ ဖြစ်သည်ဟူသော အမှန်တရား ဒုက္ခသစ္စာကို မသိမမြင်ပေ။ တဏှာလောဘသည် ဆင်းရဲခြင်းအမှန်ဖြစ်ကြောင်းတရားဟု အမှန်အတိုင်း မသိမမြင်ပေ။ နိဗ္ဗာန်သည် ဆင်းရဲအားလုံး ချုပ်ငြိမ်း ကုန်ပျောက်ရာ အမှန်တရား (နိရောဓသစ္စာ)ဖြစ်သည်ဟု အမှန်အတိုင်း မသိမမြင်ပေ။ မဂ္ဂင် (၈) ပါး အကျင့်တရား လမ်းစဉ်သည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန် (မဂ္ဂသစ္စာ) ဖြစ်သည်ဟု အမှန် အတိုင်း မသိမမြင်ပေ။




၂။ သင်္ခါရ

အကျိုးဝိပါက်ဖြစ်သော ရုပ်နာမ်သင်္ခတ တရားစုကို ပြုစီမံတတ်သော လောကီကုသိုလ် အကုသိုလ် စေတနာသည် သင်္ခါရဖြစ်သည်။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ ဟုသုံးမျိုးပြား၏။

၃။ ဝိညာဏ်

ပဋိသန္ဓေစိတ်၊ လောကီဝိပါက်စိတ်ကို ဝိညာဏ်ဟုခေါ်သည်။
ရှေးရှေးဘဝက ပြုခဲ့သော ပုညာဘိသင်္ခါရကြောင့် ယခုဘဝ ကာမသုဂတိဘုံနှင့် ရူပဘုံတို့၌ ပဋိသန္ဓေဝိညာဏ် ဖြစ်ရသည်။ အာနေဉ္ဇာဘိသင်္ခါရကြောင့် အရူပဘုံ၌ ပဋိသန္ဓေဝိညာဏ် ဖြစ်ရသည်။ အပုညာဘိသင်္ခါရကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေဝိညာဏ် ဖြစ်ရသည်။ ထိုရှေးရှေးဘဝက သင်္ခါရတို့ကြောင့် ယခုဘဝဝယ် ပဝတ္တိအခါ၌လည်း စက္ခုဝိညာဉ် စသော ဝိပါက်ဝိညာဏ်များ ဖြစ်ကြရ၏။

၎။ နာမ်ရုပ်

ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်လာသည့်အခါ ဝိညာဉ်နှင့် ယှဉ်ဖက်ဖြစ်သော နာမ်ခန္ဓာ ၃-ပါးနှင့် ကမ္မဇ ရုပ်ကလာပ် များ တပြိုင်နက် ဖြစ်ပေါ်လာသဖြင့် ဝိညာဉ်ကြောင့် နာမ်ရုပ်များဖြစ်ရသည်ဟုဆိုးသည်။

၅။ သဠာယတန

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ်၊ စိတ်ဟူသော ခြောက်ခုသော တည်ရာဋ္ဌာနကို သဠာယတနဟု ခေါ်၏။ (သ+အာယတန)(သ=ခြောက်ခု၊ အာယတန=တည်ရာဋ္ဌာန) လူ့ခန္ဓာကိုယ်တွင် မျက်စိ၊ နား၊ နှာခေါင်း စသော တံခါးမကြီးခြောက်ပေါက် ပွင့်နေသောအခါ ရူပါရုံ၊ သဒ္ဒါရုံစသော သူခိုးဓားပြများ ဝင်ခွင့်ရ၏။

၆။ ဖဿ

အတွေ့အထိကို ဖဿဟုခေါ်သည်။ မျက်စိဖြင့်တွေ့ထိခြင်း၊ နားဖြင့်တွေ့ထိခြင်း၊ နှာခေါင်းဖြင့်တွေ့ထိခြင်း၊ လျှာဖြင့်တွေ့ထိခြင်း၊ ခန္ဓာကိုယ်ဖြင့်တွေ့ထိခြင်း၊ စိတ်ဖြင့်တွေ့ထိခြင်း ဟူ၍တွေ့ထိခြင်း ဖဿ ၆-မျိုးရှိ၏။ အာရုံ အကောင်းစား တွေ့ထိခြင်း၊ အလတ်စား တွေ့ထိခြင်း၊ အညံ့စား တွေ့ထိခြင်းဟူ၍ သုံးမျိုးပြား၏။

၇။ ဝေဒနာ

ခံစားခြင်းကို ဝေဒနာဟုခေါ်သည်။ အတွေ့အထိဖဿကြောင့် ခံစားခြင်းဝေဒနာဖြစ်ပေါ်လာရသည်ဟု ဆိုရာ၌ အတောင်၃၀ လောက်မြင့်မားသော ကွမ်းသီးပင်ထိတ်ဖျားတွင် လူတစ်ယောက် တန်းလန်းကြီးဖြစ်ပြီး ပြုတ်ကျတော့မည့် အနေအထားကို အောက်ကမြင်ရသူသည် ကြောက်ရွံ့ပြီး ခြေဖဝါးတွေ ယားလာ၏။ မျက်စိဖြင့် မြင်ရပြီး အတွေ့အထိ (စက္ခုသမ္ပဿဇာ) ကြောင့် ခြေဖဝါးယား လာသည် အထိ ကြောက်ရွံ့မှု ခံစားရခြင်း ဝေဒနာဖြစ်လာပုံကို သတိပြုပါ။

၈။ တဏှာ

တပ်မက်ခြင်း၊ နှစ်သက်ခြင်း၊ သာယာခြင်းကို တဏှာဟုခေါ်၏။ အဆင်း၌ သာယာခြင်း ရူပတဏှာ၊ အသံ၌ သာယာခြင်း သဒ္ဒတဏှာ၊ အနံ့၌ သာယာခြင်း ဂန္ဓတဏှာ၊ အရသာ၌ သာယာခြင်း ရသတဏှာ၊ အတွေ့အထိ၌ သာယာခြင်း ဖောဋ္ဌဗ္ဗ တဏှာ၊ တွေ့ကြုံခဲ့ပြီး ဖြစ်သော စက္ခု၊ သောတ စသော ဓမ္မာရုံတို့၌ ပြန်လည်အောက်မေ့ သာယာသော ဓမ္မတဏှာ ၆-မျိုးရှိ၏။
လက်တွေ့ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးမှတပါး ကြွင်းသမျှ အလုံးစုံသည် ဓမ္မာရုံဖြစ်၏။
ခံစားမှုဝေဒနာကြောင့် သာယာမှုတဏှာဖြစ်သည် ဆိုရာ၌ အာရုံ အကောင်းစားနှင့် အလတ်စားကို ခံစားရလျှင် တပြုံးပြုံးနှင့် သာယာစုံမက်လှသော တဏှာကိုဖြစ်စေသည်။ အာရုံအညံ့စားကို ခံစားရသောအခါ တမဲ့မဲ့နှင့် ဒီတဏှာသေတော့မှာပဲလို့ ထင်ရ၏။ သို့သော် အညံ့စားတွေ့လေလေ အကောင်းစားစိတ်ကူးလေလေ ဖြစ်သောကြောင့် တဏှာမသေပါ။ စိတ်ကူးယဉ်သော တဏှာ၊ လှမ်းပြီးတောင့်တသော တဏှာဖြစ်၏။ ဘုရားလေးဆူကြား အစာမစားရသော ပြိတ္တာများသည် ဘယ်တော့မှ စားကြရပါမည်လဲဟု လှမ်းပြီး တောင့်တကြသည်။ မသေကြပေ။ တဏှာသည် အာရုံ အကောင်းစားနှင့် အလတ်စားကို တွေ့သောအခါ သာယာ၏။ အာရုံ အညံ့စားကို တွေ့သောအခါ အကောင်းစားကို လှမ်း၍ တောင့်တ၏။

၉။ ဥပါဒါန်

အနည်းငယ် တပ်မက်မှုသည် တဏှာဖြစ်၍ လွန်လွန်ကဲကဲ စွဲလမ်းတပ်မက်မှုသည် ဥပါဒါန်ဖြစ်၏။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တပါဒုပါဒါန် အားဖြင့်လေးပါးပြား၏။

၁၀။ ဘဝ

ကမ္မဘဝ၊ ဥပပတ္တိဘဝဟု နှစ်မျိုးရှိ၏။ လောကီကုသိုလ် အကုသိုလ်ကံဟူသော စေတနာ (၂၉)ပါးသည် ကမ္မဘဝဖြစ်၏။ အကြောင်းကံကြောင့်ဖြစ်ရသော လောကီဝိပါက် (၃၂)ပါးနှင့် ကမ္မဇရုပ်များသည် ဥပပတ္တိဘဝဖြစ်၏။ ဒုစရိုက် (၁၀)ပါးသည် အကုသိုလ် ကမ္မဘဝဖြစ်၏။ ကုသလကမ္မပထတရား (၁၀)ပါး သည် ကုသိုလ်ကမ္မဘဝဖြစ်၏။

၁၁။ ဇာတိ

ထိုသိုဘဝ၌ ဖြစ်ရခြင်း၊ ပဋိသန္ဓေ တည်နေရခြင်းကို ဇာတိဟုခေါ်၏။ အမိဝမ်းခေါင်း၌ အညစ်အကျေးအလူးလူးဖြင့် ကိန်းအောင်းပဋိသန္ဓေနေရသော ဇာတိဒုက္ခကို ဘုရား၊ ရဟန္တာများမှသာ အတိအကျ သိမြင်ကြ၏။

၁၂။ ဇရာ မရဏ

သတ္တဝါတိုင်းသည် ထိုထိုဘုံဘဝ၌ ပဋိသန္ဓေဇာတိရ၍ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြာဟ္မာဟူသော ခန္ဓာကိုယ်တွေ့ ရရှိပါက အိုမင်းဆွေးမြေ့ ရင့်ရော်ခြင်း ဇရာ၊ သေခြင်း မရဏ တွေ့ရမည်သာဖြစ်၏။
မသေမီ စိုးရိမ်ပူဆွေးခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေဝ၊ ခန္ဓာကိုယ် ဆင်းရဲရခြင်းဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ ပြင်းထန်စွာ ပူဆွေးရခြင်း ဥပါယာသတို့ကိုလည်း တွေ့ကြုံရမည်သာဖြစ်၏။

ကာလ ၃-ပါး

၁။ အဝိဇ္ဇာ၊ သင်္ခါရသည် အတိတ်ကာလ။
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ သည်ပစ္စုပ္ပန်ကာလ။
၃။ ဇာတိ၊ ဇရာမရဏ သည်အနာဂတ်ကာလ။

ဝဋ် ၃-ပါး

၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသဝဋ်။
၂။ သင်္ခါရ၊ ကမ္မဘဝသည် ကမ္မဝဋ်။
၃။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာမရဏ သည်ဝိပါကဝဋ်။

ခြင်းရာ ၂၀

၁။ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝခြင်းရာ (၅)ပါး။
၂။ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရခြင်းရာ (၅)ပါး။
၃။ ဇာတိ၊ ဇရာမရဏ (ဝိညာဏ်၊ နာမ်ရုပ်၊ သဋ္ဌာယတန၊ ဖဿ၊ ဝေဒနာ)ဟူသော ခြင်းရာ (၅)ပါး။
၎။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (ဇာတိ၊ ဇရာမရဏ)ဟူသော ခြင်းရာ (၅)ပါး။
ထိုကြောင့် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝသည် အတိတ်အကြောင်းငါးပါးဖြစ်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် ပစ္စုပ္ပန် အကျိုးငါးပါးဖြစ်၏။ ဤကား ပုဗ္ဗန္တဘဝစက်တည်း။

တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရသည် ပစ္စုပ္ပန် အကြောင်းငါးပါးဖြစ်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာသည် အနာဂတ် အကျိုးငါးပါးဖြစ်၏။ ဤကား အပရန္တဘဝစက်တည်း။

ဤသို့လျှင် အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန် အကျိုးငါးပါးနှင့် ပစ္စုပ္ပန် အကြောင်းငါးပါး၊ အနာဂတ် အကျိုးငါးပါး ဟူ၍ ဘဝခန္ဓာစက်ရဟတ် ပဋိစ္စသမုပ္ပါဒ်တွင် အခြင်အရာ (၂၀)ရှိ၏။

အစပ် ၃-ပါး

၁။ သင်္ခါရ နှင့် ဝိညာဏ် အကြားသည် တစ်စပ်။ ပထမ အစပ်။
၂။ ဝေဒနာ နှင့် တဏှာ အကြားသည် တစ်စပ်။ ဒုတိယ အစပ်။
၃။ ဘဝ နှင့် ဇာတိ အကြားသည် တစ်စပ်။ တတိယ အစပ်။

ပထမ အစပ်သည် အတိတ် နှင့် ပစ္စုပ္ပန်စပ်ခြင်း၊ အကြောင်းနှင့်အကျိုးစပ်ခြင်း၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးစပ်ခြင်းဟု သုံးနည်းရ၏။

ဒုတိယ အစပ်သည် ပစ္စုပ္ပန် နှင့် ပစ္စုပ္ပန်စပ်ခြင်း၊ အကျိုးနှင့်အကြောင်း စပ်ခြင်း၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း စပ်ခြင်းဟု သုံးနည်းရ၏။

တတိယ အစပ်သည် ပစ္စုပ္ပန် နှင့် အနာဂတ်စပ်ခြင်း၊ အကြောင်းနှင့်အကျိုးစပ်ခြင်း၊ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုး စပ်ခြင်းဟု သုံးနည်းရ၏။

အလွှာ ၄-ပါး

၁။ အဝိဇ္ဇာ၊ သင်္ခါရ သည် တစ်လွှာ။
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ သည် တစ်လွှာ။
၃။ တဏှာ၊ ဥပါဒါန်၊ ဘဝ သည် တစ်လွှာ။
၎။ ဇာတိ၊ ဇရာမရဏ သည် တစ်လွှာ။
တစ်နည်း
၁။ အတိတ်အကြောင်းငါးပါး သည် တစ်လွှာ။
၂။ ပစ္စုပ္ပန် အကျိုးငါးပါး သည် တစ်လွှာ။
၃။ ပစ္စုပ္ပန် အကြောင်းငါးပါး သည် တစ်လွှာ။
၎။ အနာဂတ် အကျိုးငါးပါး သည် တစ်လွှာ။

မူလ (၂)ပါး

၁။ အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလဖြစ်၏။
၂။ တဏှာသည် အပရန္တဘဝစက်၏ မူလဖြစ်၏။

ဘဝခန္ဓာ၏ ရှေ့အဖို့အစုသည် ပုဗ္ဗန္တဖြစ်၏။
ဘဝခန္ဓာ၏ နောက်အဖို့အစုသည် အပရန္တဖြစ်၏။

No comments: