ခက်မာ, ဖွဲ့စေး, ပူအေး, ထောက်ကန် (လယ်တီဆရာတော်)

'' ခက်မာ, ဖွဲ့စေး, ပူအေး, ထောက်ကန်''
ဓာတ်လေးပါးအစဉ်
ခက်မာ၌ ခက်မာ, နူးညံ့ ၂-ပါးကိုယူ၊ ဖွဲ့စေး၌ ဖွဲ့စေး, ယိုစီး ၂-ပါးကိုယူ၊ ပူအေး၌ ထက်သော တေဇော, နုံ့သော တေဇော ၂-ပါးကိုယူ၊ထောက်ကန်၌ ထောက်ကန်, လှုပ်ရှား ၂-ပါးကိုယူ။
၁။ ခက်မာမှုကား ထက်သန်သော ပထဝီတည်း, နူးညံ့မှုကားနုံ့သော ပထဝီတည်း။
၂။ ဖွဲ့စေးမှုကား နုံ့သော အာပေါတည်း, ယိုစီးမှုကား ထက်သောအာပေါတည်း။
၃။ ပူနွေးမှုကား ထက်သော တေဇာတည်း, အေးချမ်းမှုကား နုံ့သောတေဇောတည်း။
၎။ ထောက်ကန်မှုကား နုံ့သော ဝါယောတည်း, လှုပ်ရှားမှုကားထက်သော ဝါယောတည်း။
ခက်မာ, နူးညံ့မှု ဖြစ်ပုံ
ပကတိသော ချိပ်ခဲ၌ ထက်သော ပထဝီမျိုး တည်ရှိ၏၊ ခက်မာမှု ထင်ရှား၏၊ မီးထိသောအခါ၌ ခက်မာသော ပထဝီမျိုးသည် အစဉ်အတိုင်း ချုပ်ပျောက်၏၊ နူးညံ့သော ပထဝီမျိုးသည် အစဉ်အတိုင်းဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့်ကင်းကွာပြန်သောအခါ နူးညံ့သော ပထဝီအစဉ်အတိုင်း ချုပ်ပျောက်၏၊ ခက်မာသော ပထဝီမျိုး အစဉ်အတိုင်းဖြစ်ပေါ်၏။

ဖွဲ့စေး, ယိုစီး ဖြစ်ပုံ
ထိုပကတိသော ချိပ်ခဲ၌ နုံ့သော အာပေါမျိုး တည်ရှိ၏၊ ဖွဲ့စေးမှုထင်ရှား၏၊ မီးထိသောအခါ ဖွဲ့စေးသော အာပေါမျိုး အစဉ်အတိုင်းချုပ်ပျောက်၏၊ ယိုစီးသော အာပေါမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏၊ တစ်ဖန်မီးနှင့်ကင်းကွာပြန်သောအခါ ယိုစီးသော အာပေါမျိုး အစဉ်အတိုင်းချုပ်ပျောက်၏၊ ဖွဲ့စေးသော အာပေါမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏။

အေးချမ်းမှု, ပူနွေးမှုဖြစ်ပုံ
ထိုပကတိသော ချိပ်ခဲ၌ နုံ့သော တေဇောမျိုး တည်ရှိ၏၊အေးချမ်းမှု ထင်ရှား၏၊ မီးထိသောအခါ အေးချမ်းသော တေဇောမျိုးအစဉ် အတိုင်း ချုပ်ပျောက်၏၊ နွေးသော ပူသော တေဇောမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့် ကင်းကွာပြန်သောအခါ နွေးသော ပူသော တေဇောမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ အေးချမ်းသောတေဇောမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏။

ထောက်ကန်- လှုပ်ရှားဖြစ်ပုံ
ထိုပကတိသော ချိပ်ခဲ၌ နုံ့သော ဝါယောမျိုး တည်ရှိ၏၊ ထောက်ကန်မှု ထင်ရှား၏၊ မီးထိသောအခါ ထောက်ကန်သောဝါယောမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ လှုပ်ရှားသော ဝါယောမျိုးဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့်ကင်းကွာ ပြန်သောအခါ လှုပ်ရှားသော ဝါယော မျိုး ချုပ်ပျောက်၏၊ ထောက်ကန်သော ဝါယောမျိုး ဖြစ်ပေါ်၏။

ဖြစ်ပေါ်မှုစုသည် '' ဥဒယ'' မည်၏၊ ချုပ်ပျောက်မှုစုသည် ''ဝယ''မည်၏၊ ဥဒယဗ္ဗယဖြစ်၏။

ဤကား ဝိပဿနာအရာ၌ ဖြစ်မှု, ချုပ်မှုခေါ်သော ဥဒယဗ္ဗယသဘောကို ကြံဖန်နိုင်ကြစေခြင်းငှါ ချိပ်ခဲ၌ ထင်ရှားလှ စွာသော ဓာတ်တို့၏ ဖြစ်မှုပျက်မှုကို စံပြုရန် ဖော်ပြသော စကားရပ်တည်း။

တိုး-ဥဒယ, ဆုတ်-ဝယ
ဦးခေါင်းအင်္ဂါစု, ကိုယ်အင်္ဂါစု, ခြေအင်္ဂါစု, လက်အင်္ဂါစုသည်ထိုချိပ်ခဲနှင့်တူ၏၊ တစ်ကိုယ်လုံး၌ အေးမှုဟူသော ဥတုဓာတ်မီး ၂-ပါးသည် အမြဲလျှင် ဆုတ်ချည်တက်ချည် နေကြ၏၊ နေထွက်သည်မှစ၍မွန်းတိမ်း၂-နာရီတိုင်အောင်တစ်ကိုယ်လုံး၌ပူသော ဥတုအဆင့်ဆင့် တိုးတက်၏၊ အေးသော ဥတုအဆင့်ဆင့် ဆုတ်ယုတ်၏၊ ထိုမှနောက်၌အေးသောဥတု တိုးတက်၏၊ ပူသောဥတု ဆုတ်ယုတ်၏၊ ကိုယ်တွေ့ဒိဋ္ဌမှုဖြစ်ကြသည်၊ အနည်းငယ်မျှ အချက်ကို ဖော်ပြလျှင် အချက်များစွာကိုမြင်နိုင် ကြကုန်ရာ၏။

အပူဥတု တိုးတက်သောအခါ ဦးခေါင်းအင်္ဂါ အစရှိသောကိုယ်ခန္ဓာစုသည် ချိပ်ခဲကို မီးထိသောအခါနှင့် တူ၏၊ အအေးဥတု တိုးတက်သောအခါ ကိုယ်ခန္ဓာစုသည် ချိပ်ခဲမှာ မီးနှင့်ကင်းကွာသောအခါနှင့် တူ၏၊ အေးမှုပူမှု ဥတု၂-ပါးသည် နာရီအစဉ်အတိုင်း တက်တုံ ဆုတ်တုံ နေကြကုန်၏၊ အေးမှုတိုးတက်လျှင် ပူမှုဆုတ်လျော့၏၊ ပူမှုတိုးတက်လျှင် အေးမှုဆုတ်လျော့၏၊ တိုးတက် သည်ကို ''ဥဒယ'' ဆို၏။ ဆုတ်လျော့သည်ကို ''ဝယ''ဆို၏။

ပူမှု၊ အေးမှု ၂-ခုတို့တွင် တစ်ခုတိုးတက်မှုနှင့် တစ်ခု ဆုတ်လျော့မှု ၂-ပါးသည် ပြိုင်မြဲတည်း။

တက်မှု, ကျမှု ဓာတ် ၄-ခု
ဤအေးမှု ပူမှု ဥတု ၂-ပါးတို့၏ တက်မှု ဆုတ်မှုကို အစွဲပြု၍ခက်မာမှု, နူးညံ့မှုဟူသော ပထဝီ ၂-မျိုးတို့ သည်လည်း အမြဲလျှင် တက်တုံ ကျတုံ နေကြကုန်၏၊ ထို့အတူ ဖွဲ့စေးမှု ယိုစီးမှုဟူသော အာပေါ ၂-မျိုး,ထောက်ကန်မှု လှုပ်ရှားမှု ဟူသော ဝါယော ၂-မျိုးတို့သည် လည်းအမြဲလျှင် တက်တုံကျတုံ နေကြကုန်၏၊ ဦးခေါင်းအင်္ဂါ အစရှိသောကိုယ်ခန္ဓာအစုတို့၌ ဓာတ်လေးပါးတို့သည် ပွက်ပွက် ဆူသော အိုးကြီး၏အတွင်း၌ တဆူဆူ တရွရွ ဖြစ်ကာပျက်ကာ နေကြကုန်သော ရေပွက်ငယ်တို့နှင့် အလားတူကုန်၏၊ ကိုယ်ခန္ဓာကြီး တစ်ခုလုံးသည် ရေမြှုပ်တုံးကြီး ရေမြှုပ်ခဲကြီးနှင့် တူလှ၏၊ ရေပွက်ငယ်တို့၌ အခိုးရိပ် အငွေ့ရိပ်တို့သည် ထင်ကုန်၏၊ ရေပွက်ငယ်တို့ ချုပ်ပျက်တိုင်း ချုပ်ပျက်တိုင်းရေပွက်ငယ်တို့၌ မှီသော အရိပ်တို့သည် ချုပ်ပျက်လေကုန်၏။

အနိစ္စ, ဒုက္ခ, အနတ္တထင်ရန်
ထို့အတူ ဓာတ်လေးပါးတို့၌ မှီကြကုန်သော မြင်မှု, ကြားမှု, နံမှု,လျက်မှု, တွေ့ထိမှု, သိမှုဟူသော နာမ်တရားတို့သည်လည်း ထိုထိုဓာတ်လေးပါး ချုပ်ပျက်ရာသို့ ပါကြလေကုန်၏၊ ထို့ကြောင့် ဝိညာဏ် ခြောက်ပါးတို့နှင့်တကွသော ဓာတ်လေးပါးတို့သည် ခိုင်မြဲသော သဘောမရှိကြကုန်သောကြောင့် အနိစ္စတို့ သာတည်း၊ ဖြစ်ခြင်း ပျက်ခြင်းဘေးနှင့်အမြဲယှဉ်သောကြောင့် ဒုက္ခတို့သာ တည်း၊ အနှစ်သာရမျိုး မဟုတ်ကြကုန်သောကြောင့် အနတ္တတို့သာတည်း။

No comments: