ဗောဓိပက္ခိယတရား (၃၇) ပါး

ဗောဓိပက္ခိယတရား (၃၇) ပါး

မဂ်ဉာဏ်၏ အသင်းအပင်းတွင်ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ပါဝင်၍ မဂ်ဉာဏ်၏အကျိုးကို သယ်ပိုး ဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်သည်။ (ဗောဓိ-မဂ်ဉာဏ်၊ ပက္ခိယ-အဖို့အစု)
(က) သတိပဋ္ဌာန် (၄)ပါး
(ခ) သမ္မပ္ပဓာန် (၄)ပါး
(ဂ) ဣဒ္ဓိပါဒ် (၄)ပါး
(ဃ) ဣနြေ္ဒ (၅)ပါး
(င) ဗိုလ် (၅)ပါး
(စ) ဗောဇ္ဈင် (၇)ပါး
(ဆ) မဂ္ဂင် (၈)ပါး

(က) သတိပဋ္ဌာန် (၄)ပါး

သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာ တည်သော သတိဟု အဓိပ္ပာယ်ရရှိပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိ စေတသိက်ကို ဆိုလိုပါသည်။ တရားကိုယ်အားဖြင့် သတိစေတသိက် (၁)ပါးတည်းဖြစ်သော်လည်း အာရုံ ၄-မျိုး၊ ယူပုံအခြင်းအရာ ၄-မျိုး၊ ပယ်ခွါခြင်း ကိစ္စ ၄-မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် ၄-မျိုး ပြားရခြင်း ဖြစ်ပါသည်။

(၁) ကာယာနုပဿနာသတိပဋ္ဌာန်၊
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်၊
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်။
(၁) ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညင်းစသော ၃၂-ကောဋ္ဌာသ၌ အဖန်ဖန်ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန်ရှုသာအခါ အသုဘ (မတင့်တယ် ရွံရှာဖွယ် ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင် သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု ဖောက်ပြန်စွာမြင်မှု) ကို ပယ်ရှားနိုင်ပါသည်။
(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့ကို ခိုင်မြဲစွာတည်သော သတိ ဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိ ဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန် ရှုသောအခါ အဖြစ် အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤ သတိပဋ္ဌာန် ဖြင့် ရုပ်နာမ်တို့၌ သုခဟု ထင်မှတ်သော သုခဝိပလ္လာပ (ချမ်းသာ၏ဟု ဖောက်ပြန်စွာမြင်မှု) ကို ပယ်ရှား နိုင်ပါသည်။
(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာ တည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကိုအာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စပလ္လာပ (မြဲ၏ ဟုဖောက်ပြန်စွာမြင်မှု) ကို ပယ်ရှားနိုင်၏။
(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်သည် နိဝရဏ စသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိ ဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယနုပဿနာဖြင့်၊ဝိညာဏက္ခန္ဓာကိုစိတ္တနုပဿနာဖြင့် ရှုပြီး ဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသော အခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွတ်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှား ရှိကြောင်း ကို သိရ၍ စီမံနိုင်သော အတ္တ (အသက် လိပ်ပြာ ဝိညာဏ်)ကောင် မရှိဟူသော အနတ္တ အခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တပလ္လာပ (အတ္တရှိ၏ ဟု ဖောက်ပြန် စွာမြင်မှု) ကို ပယ်ရှားနိုင်၏။

(ခ) သမ္မပ္ပဓာန် (၄)ပါး

သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန် ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပာယ်ရရှိပါသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခမ်းခြောက် ပါစေဟူသော အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုပါသည်။ တနည်းအားဖြင့် ကိစ္စ ၄-ပါးကိုပြီး စေနိုင်သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပာယ်ရရှိပါသည်။
တရားကိုယ်အားဖြင့် ဝီရိယ တစ်ပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့် ၄-မျိုးဖြင့်သောကြောင့် သမ္မပ္ပဓာန် (၄)ပါးပြားရပါသည်။ သမ္မပ္ပဓာန် (၄)ပါးကား အောက်ပါအတိုင်းဖြစ်သည်-
(၁) မိမိတို့သန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ် တရားကို ပြုမိသည့်အတွက် နောင်တ တဖန်ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျင် အကုသိုလ်များသာ တိုးပွါးလာမည်။ ပူပန်ခြင်းကြောင့် ပြုမိသော အကုသိုလ်လည်း ပျောက်မည် မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။
(၂) မိမိတို့သန္တာန်၌ နောင်ဖြစ်လတ္တံ့ကုန်သော အကုသိုလ်တရားတို့ကို နောင်ဘဝ အဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိတို့သန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွါးလာစေခြင်းငှာ ဒါနမှု၊ သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ် ပြုလုပ်နေရမည်ဟု ဆိုလိုပါသည်။
(၃) မိမိတို့သန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို မိမိတို့သန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု၊ သီလမှု၊ ဘာဝနာမှု စသည်ကိုပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။
(၄) မိမိတို့သန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲဖြစ်ကုန်သော ကုသိုလ်တရားတို့ကို နိယာမအဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွါးစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲဖြစ်ကုန်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုပါသည်။

(ဂ) ဣဒ္ဓိပါဒ် (၄)ပါး

ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ္ပာယ်ရရှိပါသည်။ ဣဒ္ဓိပါဒ် (၄)ပါးမှာ-
(၁) ဆန္ဒိဒ္ဓိပါဒ် - ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
(၂) ဝီရိယိဒ္ဓိပါဒ် - ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
(၃) စိတ္တိဒ္ဓိပါဒ် - စိတ်ကြောင့် ပြီးပြည့်စုံမှု၊
(၄) ဝီမံသိဒ္ဓိပါဒ် - ပညာကြောင့် ပြီးပြည့်စုံမှု၊
(၁) ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူး ထက်သန်သော ဆန္ဒကြောင့် ပြီးပြည့်စုံလာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည် ကပင် ကောင်းသေး၏ဟု မရဘဲ နေရသည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုးဖြစ်သည်။
(၂) ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာကြွင်းပါစေ၊ အကြောသာကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခမ်းခြောက်ပါစေဟူသော အင်္ဂါ ၄-ပါး ရှိသည့် ဝီရိယကြောင့် ပြီးပြည့်စုံခြင်း ကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည် ရောက်မည် ပေါက်မည်ဟု အထင်ရှိသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပင်ပန်းခံရ သော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။
(၃) စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာရသည့် အခါမှစ၍ အလွန် အကြူး ထက်သန်ခိုင်မာသာစိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုပါသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွါးမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန် ပရိယတ်မှုများ၌ နေရသောလည်း ထိုအမှုတို့၌ စိတ်မပါ၊ စိတ်မရှိ။ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည် နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။
(၄) ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင်နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မ သဘာဝ တို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသောသူသည် လောကီတရား ချမ်းသာစီးပွါးမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက် ရောက် အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။

(ဃ) ဣနြေ္ဒ (၅)ပါး

ဣနြေ္ဒဟူသည် စိတ်ကို အစိုးရနိုင်မှုဟု အဓိပ္ပါယ် ရရှိပါသည်။ မိမိနှင့် သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆိုလိုပါသည်။ ဣနြေ္ဒ ၅-ပါးတို့မှာ
(၁) သဒ္ဓိနြေ္ဒ - ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း၊
(၂) ဝီရိယိနြေ္ဒ - ဝီရိယဖြင့် စိတ်ကို အစိုးရခြင်း၊
(၃) သတိနြေ္ဒ - သတိဖြင့် စိတ်ကို အစိုးရခြင်း၊
(၄) သမာဓိနြေ္ဒ - သမာဓိဖြင့် စိတ်ကို အစိုးရခြင်း၊
(၅) ပညိနြေ္ဒ - ပညာဖြင့် စိတ်ကို အစိုးရခြင်း၊
(၁) သဒ္ဓိနြေ္ဒဟူသည် ဒါနမှု သီလမှု အတုအပ ဘာဝနာမှု၌ ဖြစ်သော ပကတိသဒ္ဓါမျိုး မဟုတ်ဘဲ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာအလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွါးစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွါးလေအောင် ပျိုးထောင်ပြုပြင်၍ ထားအပ်သော ဘာဝနာ သဒ္ဓါမျိုး ဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
(၂) ဝီရိယိနြေ္ဒဟူသည် ပကတိဝီရိယမျိုး မဟုတ်ဘဲ ဘာဝနာဝီရိယမျိုးဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။
(၃) သတိနြေ္ဒ
(၄) သမာဓိနြေ္ဒ
(၅) ပညိနြေ္ဒ တို့မှာလည်း ပကတိသတိ၊ ပကတိသမာဓိ၊ ပကတိပညာမျိုး မဟုတ်ဘဲ ဘာဝနာ-သတိ၊ သမာဓိ၊ ပညာတို့ဖြင့် စိတ်ကို အစိုးရနိုင်ခြင်းမျိုးကို ဆိုလိုပါသည်။

(င) ဗိုလ် (၅)ပါး

ဗိုလ်ဟူသည် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ဖိစီးတတ်သော တရားဟု အဓိပ္ပါယ်ရရှိပါသည်။ သက္ကာယဒိဋ္ဌိနိုင်ငံကြီးကို တိုက်ဖျက်မည့် ဗိုလ်ချုပ်ကြီး ၅-ဦး၊ အားကြီး ၅-ပါးပင်ဖြစ်ပါသည်။
(၁) သဒ္ဓါဗိုလ် - သဒ္ဓါဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၂) ဝီရိယဗိုလ် - ဝီရိယဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၃) သတိဗိုလ် - သတိဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၄) သမာဓိဗိုလ် - သမာဓိဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
(၅) ပညာဗိုလ် - ပညာဖြင့် ဆန့်ကျင်ဖက်တရားတို့ကို တိုက်ဖျက်ခြင်း၊
ယင်းဗိုလ်များမှာလည်း ဣနြေ္ဒ (၅)ပါးကဲ့သို့ပင် ပကတိဗိုလ်များ မဟုတ်ဘဲ ဘာဝနာဗိုလ်များ ဖြစ်ပါသည်။

(စ) ဗောဇ္ဈင် (၇)ပါး

ဗောဇ္ဈင်ဟူသည် သစ္စာ ၄-ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပါယ် ရရှိပါသည်။ ဗောဇ္ဈင် ၇-ပါးမှာ
(၁) သတိသမ္ဗောဇ္ဈင် - သတိပဋ္ဌာန်၊ သတိနြေ္ဒ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိ စေတသိက်၊
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် - ဝီမံသိဒ္ဓိပါဒ်၊ ပညိနြေ္ဒ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ်သော ပညာစေတသိက်၊ တနည်း ဒိဋ္ဌိဝိသုဒ္ဓိအစရှိသော ပညာဝိသုဒ္ဓိ ၅-ပါး၊ အနုပဿနာဉာဏ် ၃-ပါးနှင့် ဝိပဿနာဉာဏ် ၁၀-ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်မည်၏။
(၃) ဝီရိယသမ္ဗောဇ္ဈင် - သမ္မပ္ပဓာန် ၄-ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိနြေ္ဒ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်၊
(၄) ပီတိသမ္ဗောဇ္ဈင် - ကာယဂတာသတိ (ထွက်သက် ဝင်သက်)စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွါးလာသောအခါ ဝမ်းမြောက်ခြင်း နှစ်သက်ခြင်း ပီတိစေတသိက်၊
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် - စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့် ဖြစ်သော ကိုယ်စိတ် ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း၊
(၆) သမာဓိသမ္ဗောဇ္ဈင် - သမာဓိနြေ္ဒ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား၊
(၇) ဥပေက္ခာသမ္ဗောဇ္ဈင် - ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျ နိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒ အမှုများစွာရှိသည်၊ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။
စကြာရတနာ ၇-ပါး ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် ၇-ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော် အစီးအပွါးတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရသည်။

(ဆ) မဂ္ဂင် (၈)ပါး

မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သောတရားအစုဟု အဓိပ္ပါယ်ရရှိပါသည်။
(၁) သမ္မာဒိဋ္ဌိ - မှန်ကန်သောအယူအမြင်၊
(၂) သမ္မာသင်္ကပ - မှန်သောအကြံ၊
(၃) သမ္မာဝါစာ - မှန်သောစကား၊
(၄) သမ္မာကမ္မန္တ - မှန်သောအမှုအလုပ်၊
(၅) သမ္မာအာဇီဝ - မှန်သောအသက်မွေးဝမ်းကျောင်း၊
(၆) သမ္မာဝါယာမ - မှန်သောအားထုတ်မှု၊
(၇) သမ္မာသတိ - မှန်သော အောက့်မေ့မှု နှလုံးသွင်းမှု၊
(၈) သမ္မာသမာဓိ - မှန်သောတည်ကြည်မှု စူးစိုက်မှု။


ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ

No comments: