ပြောသလိုလုပ်၊ လုပ်သလိုပြော

ငယ်ငယ်တုန်းက စီးကရက် တော်တော် သောက်တယ် ။ မကောင်းမှန်းသိလို့ မသောက်တော့တာ ၊(၂၅)နှစ် လောက် ရှိသွားပြီ။ ငယ်ငယ်တုန်းကသောက်တယ် ။ တော်တော်ငယ်ငယ်ကတည်းကစသောက်ခဲ့တာပဲ။ ဘုန်းကြီးက စီးကရက်သောက်တော့ထုံးစံ အတိုင်းမိဘတွေကကြိုက်သလား။မကြိုက်ဘူး။ဒါပေမယ့်ဘုန်းကြီးအဖေကလည်း ဆေးလိပ်သောက်တယ် ၊ အမေလည်း ဆေးလိပ်သောက်တယ်။
ဘုန်းကြီးက သောက်တော့ အမေက ပြောတယ်“ဟဲ့ ဆေးလိပ်မသောက်နဲ့” တဲ့ ။
ဒါနဲ့ ဘုန်းကြီးက မိဘကို ပြန်ပြောရမှာလည်း ခက်နေတော့ဘယ်လို လုပ်ရလဲဆိုတော့တစ်နေ့တူလေးတွေ အလည်လာတော့ တူလေးတွေကို ပုံပြောပြတယ်။
“ဟိုရှေးရှေးတုန်းက ကဏန်း အမေကြီး တစ်ကောင်ရှိတယ်၊ အဲဒီ ကဏန်း အမေကြီးမှာကဏန်းလေးတွေ အများကြီးရှိတယ်။အဲဒီကဏန်းလေးတွေက လမ်းသွားတဲ့အခါ ဘေးတိုက် ဘေးတိုက် သွားတယ်။ အဲဒီတော့ ကဏန်း အမေကြီးကပြောတယ်။”
“ ဟဲ့ သားတို့သမီးတို့ဘေးတိုက် ဘေးတိုက် မသွားနဲ့ ၊ ရှေ့ တည့်တည့် သွား၊ ဘေးတိုက် ဘေးတိုက် သွားတာကြည့်မကောင်းဘူး၊ ရှေ့ တည့်တည့် သွားပါ” လို့ ပြောတော့ ကဏန်းသားသမီး တွေက ဘယ်လို ပြန် ပြောလဲ ဆိုတော့ “အမေအရင် သွားပြပါ” တဲ့ ။ ဘုန်းကြီးရဲ့ အမေက ဘေးနားမှာထိုင်နေတုန်း ဘုန်းကြီးက တူလေးတွေကို ပုံပြောပြတာ။အဲဒီတော့ အမေက ။“ နင်ငါ့ကို ဆုံးမနေပြန်ပြီလား” တဲ့ ။
ဘုန်းကြီးက ငယ်ငယ်တည်းက မိဘက တစ်ခုခုပြောရင် ပြန်ပြန်ချေတဲ့ အကျင့်ရှိတယ်ဘုန်းကြီးပြောတာ မှားသလား ဆိုတော့ မမှားဘူးနော်။ သို့သော် စဉ်းစားကြည့်တယ်၊ “အော်လူတွေဟာ သူများကို ပြုပြင်ချင်တယ်” စေတနာတော့ ကောင်းပါတယ်။ မကောင်းဘူးလို့မပြောဘူးနော် ။ဆေးလိပ်သောက်တာ မကောင်းဘူး၊ ကျန်းမာရေး ထိခိုက်မယ် ၊ မသောက်နဲ့။ကိုယ်တိုင်ကတော့ ဆေးလိပ်မီးခိုး တဖွားဖွားနဲ့နေရင် ဘယ့်နဲ့ လုပ်မလဲ။ ကိုယ်ပြောတဲ့စကားဟာထိရောက်နိုင်ပါ့ မလား။
စကားတစ်ခု ကြားဘူးတာလဲ ရှိတယ်။ “ ငါပြောသလို လုပ် ငါလုပ်သလို မလုပ်နဲ့ ။” သဘောက ငါဟာ အပြောနဲ့ အလုပ်မညီဘူးဆိုတဲ့အဓိပ္ပါယ်ပေါက်သွားတယ်နော်။အရက်သောက်လူ ကဘယ်လိုပြောသလဲဆိုတော့မင်းတို့အရက်မသောက်ကြနဲ့ကွာ။ဒါဖြင့်ခင်ဗျားတော့ရော ဘာလို့သောက်လဲဆိုတော့“ငါလုပ်သလိုမလုပ်နဲ့ကွာ၊ငါပြောသ လိုလုပ်။”အဲသလိုပြောတတ်တယ်။
ဘုန်ကြီးတို့မြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ်တစ်ခု ကို ဖတ်ဖူးတာရှိတယ်။ဂုဏ်တော်(၉)ပါးထဲမှာတော့တိုက်ရိုက်မပါဘူး။မြတ်စွာ ဘုရားရဲ့ဂုဏ်ပုဒ်ကို ချီးမွမ်းပြီးတော့ပြောကြတာရှိတယ်နော်။ မြတ်စွာဘုရား ကိုယ်တိုင်လည်းပြောတာရှိတယ်။ အဲဒါဘာလဲဆိုတော့
“ယထာဝါဒီ၊ တထာ ကာရီ။ ယထာ ကာရီ၊ တထာဝါဒီ။” တဲ့။
“ပြောသလို လုပ်တဲ့သူ၊ လုပ်သလို ပြောတဲ့သူ”။ သဘောက အပြောနဲ့အလုပ်ကကွာဟမှုမရှိဘူး၊ တစ်ထပ်တည်း ဖြစ်နေတယ်တဲ့။ အဲဒါ မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့အင်မတန် ကြည်ညို စရာကောင်းတဲ့ အချက်တစ်ချက်ပဲ။ သူ မလုပ်နိုင်တာကို သူများကိုမခိုင်ဘူး။ သိပ်ကြည်ညိုဖို့ကောင်းတာပဲနော်။
ဘုန်းကြီးကဒီစကားကို ကြားရတဲ့အခါဘုရားကို အင်မတန်ကြည်ညိုတဲ့စိတ် ဖြစ်တယ်။ အပြောနဲ့အလုပ်ညီဖို့ဆိုတာ တော်တော်ခက်ပါတယ်။မြတ်စွာဘုရားရဲ့စကားကို အခုအချိန်ထိနှစ်ပေါင်း (၂၅၀၀) ကျော်သွားပြီး၊ လိုလိုချင်ချင် နာကြတုန်းရှိသေတယ်။ နှစ်နှစ်သက်သက် ကြည်ကြည်နူးနူး ကြည်ညိုတဲ့စိတ်နဲ့ နာကြတုန်းရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ဘုရားဟာ ပြောသလို လုပ်တယ်၊ လုပ်သလို ပြောတယ်။ အပြောတခြား၊ အလုပ်တခြားမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်စကားထိရောက်ချင်ရင် ကိုယ်ပြောတဲ့အတိုင်းကိုယ်ကိုတိုင်လုပ်မှဖြစ်မယ်ပြီးတော့ ဆေးဆရာနဲ့ပတ်သက်ပြီးပြောတဲ့ စကားတစ်ခွန်းလည်းရှိတယ်။ “ကိုယ်ဖော်တဲ့ဆေးကိုယ်အရင်စားဖို့လိုူသေးတယ်။”ကိုယ်ဖော်တဲ့ဆေးကို ကိုယ် အယုံအကြည် မရှိလို့ ကိုယ်မစားဘဲနဲ့သူများကို ငါ့ဆေးဟာ(၉၆)ပါးရောဂါ အကုန်လုံးပျောက်တယ်၊စားပါကွာလို့ဆိုပြီး ဆရာကြီးကတဟွတ်ဟွတ်နဲ့ ချောင်းဆိုးနေရင် ဘယ့်နှယ်လုပ်မလဲ ။အဲဒီဆေးဆရာရဲ့စကားကို ဘယ်သူယုံမှာလဲ ။ အဲဒါကြောင့်ကိုယ်ဖော်တဲ့ဆေး ကိုယ်စားဖို့ လိုပါတယ်နော်။ မင်းတို့ ရိုးရိုးသားသား လုပ်ကြလို့ပြောပြီးတော့ ကိုယ်ကမရိုးသားတာတွေ လုပ်နေရင် ကိုယ့်စကားကို ဘယ်သူက လေးလေးစားစား လက်ခံမလဲ။

စာရေးသူအမည်..ဆရာ‌တော်ဦးဇောတိက

http://mtbgroup.ning.com/profiles/blogs/3817386:BlogPost:13240

No comments: