မသေခင် ဘာလုပ်ကြမလဲ

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်း ရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။
မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။
အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကိုတည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသထွက်နေဦးမှာလဲ။
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်
မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။ ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါ တတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများအကျိုးပြုနိုင်မှာ မို့လဲ။ လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်းမဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင်မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိအသုံးချတတ် ရပါမယ်။ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်းလုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။
ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။
အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။
ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ်
မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။
အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ
ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။
လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ)
ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေ တဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။
ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ
မဖြစ်စေရ ပါဘူး။
ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်း ကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။
ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တို ဖြစ်ပြီးကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊အထိအတွေ့၊သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာအထင်ကြီးတာပါ။ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီး
နေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။
မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။
ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။
သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။
ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့မပြုလုပ် ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါ အများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။
အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။
သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက်မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေတွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။
အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲမက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။
ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။
ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။
သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုးကင်းရှင်းရပါမယ်။
ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုးမဖြစ်အောင် သတိထားရပါမယ်။
ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။
“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိစွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ပါဘူး။
ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာအရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်းရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။
မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲတစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာအကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

စာရေးသူ-ဆရာတော် အရှင်ဆန္ဒာဓိက

http://mtbgroup.ning.com/profiles/blogs/3817386:BlogPost:7798

No comments: